အာကင်ဆောပြည်နယ်
အာကင်ဆောပြည်နယ် | |||
---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ အာကင်ဆော အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | အာကင်ဆော နယ်မြေ | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ဇွန်လ ၁၅၊ ၁၈၃၆ (၂၅) | ||
အကြီးဆုံးမြို့ | မြို့တော် | ||
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | လစ်တဲလ်ရော့ခ် မက်ထရိုပိုလစ်တန် | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | မိုက်ဘီးဘီ (D) | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | မာ့ခ် ဒါး (R) | ||
လူဦးရေ | |||
• စုစုပေါင်း | ၂,၉၃၇,၉၇၉(၂၀၁၁ ခန့်မှန်း) | ||
• သိပ်သည်းမှု | ၅၆.၄/sq mi (၂၁.၈/km၂) | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | အင်္ဂလိပ် | ||
လတ္တီကျူ | 33° 00′ N to 36° 30′ N | ||
လောင်ဂျီကျူ | 89° 39′ W to 94° 37′ W |
အံ့ဖွယ်ပြည်နယ်တစ်ခုအဖြစ် လူသိများသော အာကင်ဆောပြည်နယ်သည် အမေရိကန် ပြည်ထောင်စု၏ တောင်အလယ်ပိုင်း ပြည်နယ်ဖြစ်သည်။ ထိုပြည်နယ်၏ မြောက်ဘက်၌ မစ်ဇူရီပြည်နယ်၊ အရှေ့ဘက်၌ မစ္စစ္စပီမြစ်၊ တောင်ဘက်၌ လူဝီစီယားနားပြည်နယ်နှင့် အနောက်ဘက်၌ တက္ကဆက်ပြည်နယ်နှင့် အိုကလာဟိုးမားပြည်နယ်တို့ အသီးအသီး တည်ရှိကြသည်။ အာကင်ဆောပြည်နယ်၏ အကျယ်အဝန်းသည် ၅၃,၁ဝ၂ စတုရန်းမိုင်ရှိ၍ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်များတွင် ၂၆ ခုမြောက်နေရာ၌ ရှိသည်။ ပြည်နယ် သုံးပုံနှစ်ပုံသည် သစ်တောများဖြင့် ဖုံလွှမ်းလျက် ရှိသည်။
အာကင်ဆောပြည်နယ်ကို အနောက်မြောက် တောင်ကုန်း ဒေသနှင့် အရှေ့တောင် မြေနိမ့်ဒေသဟူ၍ နှစ်ပိုင်းပိုင်းခြား နိုင်၏။ မစ္စစ္စပီမြစ်သည် ပြည်နယ်၏ အရှေ့ဘက်နယ်နိမိတ် အဖြစ် တည်ရှိ၍ ထိုမြစ်၏ အကြီးဆုံးသော လက်တက်ဖြစ်သည့် အာကင်ဆောမြစ်သည် အာကင်ဆောပြည်နယ်၏ အလယ်ဗဟိုကိုဖြတ်လျက် အနောက်မှ အရှေ့သို့ စီးဆင်းလေသည်။ ထို့ပြင် ရက်မြစ်(မြစ်နီ)၊ ဝှိုက်မြစ်(မြစ်ဖြူ)၊ စိန်ဖရန်းစစ်မြစ်နှင့် ရေအိုင်ကြီးများလည်း ရှိပေသေးသည်။ အာကင်ဆောပြည်နယ်၏ ရာသီဥတုမှာ အပူ/အအေး မျှတ၍ ကျန်းမာရေးနှင့် ညီညွတ်၏။ အရှေ့ပိုင်း ရွှံ့နွံ ထူထပ်သည့် ဒေသတစ်ဝိုက်တွင်သာ ငှက်ဖျားရောဂါ အနည်းငယ်ရှိလေသည်။
နှစ်စဉ် ရွာသွန်းသော မိုးရေချိန်သည် ၄၅ လက်မမှ ၅၅ လက် အထိ ရှိသော်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် မလုံလောက်သဖြင့် ဆည်းမြောင်းတာတမံများ တူးဖော်ကာ ရေသွင်းစိုက်ပျိုးကြရလေသည်။ အများဆုံး ထွက်ကုန်မှာ ဝါဂွမ်းဖြစ်၏။ သို့ရာတွင် ဆည်မြောင်းများ ဖောက်လုပ်ပြီးသည့်အချိန်ကစ၍ ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းသည်လည်း များစွာ အရေးပါအရာရောက်သော လုပ်ငန်းကြီးတစ်ခု ဖြစ်လာလေသည်။ အခြားစိုက်ပျိုးသီးနှံများမှာ ပြောင်းဆန်၊ မြင်းစားဂျုံ နှင့် သစ်သီးဝလံများ ဖြစ်ကြ၏။ အာကင်ဆောပြည်နယ်မှ နှစ်စဉ် ကျောက်မီးသွေးတန်ချိန် တစ်သန်းထက်မနည်း ထွက်၍ ရေနံစည်ကြီး ပေါင်း ၂၅,ဝဝဝ,ဝဝဝ ကျော် ထွက်လေသည်။ သစ်ထုတ်လုပ်ခြင်းသည် ထိုပြည်နယ်၏ အကြီးဆုံးသော လုပ်ငန်းတစ်ခုဖြစ်၍ သစ်တန်ချိန် မြောက်မြားစွာ ထွက်သည်။ အာကင်ဆောပြည်နယ်တွင် သစ်တောသည် ဧကပေါင်း တသန်းကျော်မျှ ရှိလေသည်။ လမ်းပန်းဆက်သွယ်ရေးတွင်ကား တောတောင်ထူထပ်သော မြောက်ပိုင်းနှင့် အနောက်ပိုင်းကလွဲ၍ ကျန်အပိုင်းများတွင် အဆင့်အတန်းမြင့်လှသော မီးရထားလမ်းများ ရှိသည်။ အာကင်ဆောပြည်နယ်ကို အံ့ဘွယ်ပြည်နယ်ခေါ်ကြခြင်း မှာ ထိုနယ်ရှိ ရေပူစမ်းများကြောင့် ဖြစ်တန်ရာသည်။ ထိုရေပူစမ်းများမှရေကို သောက်ချိုးသုံးဆောင်ရပါက ထုံနာ ကျင်နာနှင့် အလားတူရောဂါများ ပျောက် ကင်းချမ်းသာသည်ဟု ဆိုလေသည်။ ၁၉၂၁ ခုနှစ်တွင် ရေပူစမ်း အမျိုးသားပန်းခြံဟု စတင်ဖွင့်လှစ်ခဲ့သည်။ ထိုအမျိုးသားပန်းခြံ၏ အကျယ်အဝန်းမှာ ၁ ဒဿမ ၁/၂ စတုရန်းမိုင် ရှိလေသည်။
အာကင်ဆောပြည်နယ်ကို ၁၅၄၁ ခုနှစ်တွင် ဟာနင်ဒိုဒီ ဆိုတို အမည်ရှိ စပိန်လူမျိုးက ဦးစွာ ရှာဖွေတွေ့ရှိခဲ့၏။ ထိုနောက် ပြင်သစ်လူမျိုးများ လာရောက်နေထိုင်ကြရာမှ နောင်အခါ ပြင်သစ်ပိုင်ဖြစ်သွားလေသည်။ ၁၈ဝ၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အစိုးရက ပြင်သစ်တို့လက်ထဲမှ ဝယ်လိုက်ပြီးနောက် ၁၈၃၆ ခုနှစ်တွင် ပြည်ထောင်စုအတွင်းသို့ သွတ်သွင်းလိုက်သည်။ အာကင်ဆောပြည်နယ်တွင် ၁၉၇ဝ ပြည့်နှစ် သန်းခေါင် စာရင်းအရ လူဦးရေ ၁,၁၈၆,၂၁ဝ ဦးခန့် ရှိ၏။ လူဦးရေ အားလုံး၏ သုံးပုံတစ်ပုံသည် နီဂရိုး(ကပ္ပလီ)များ ဖြစ်ကြသည်။ အာကင်ဆောပြည်နယ်၏ မြို့တော်သည် လစ်တဲရော့မြို့ဖြစ်၍ လူဦးရေ ၁၂၈,၈၈ဝ ဦးခန့် ရှိလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၇၅)။ "အာကင်ဆောပြည်နယ်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၁၄ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။