ဒုဋ္ဌဂါမဏိ
ဒုဋ္ဌဂါမဏိ | |||||
---|---|---|---|---|---|
အနုရာဓပူရဘုရင် King of Ruhuna | |||||
မဟာစေတီတော်ဘေးရှိ ဒုဋ္ဌဂါမဏိမင်းကြီး ရုပ်တု | |||||
နန်းသက် | ၁၆၁ ဘီစီ – ၁၃၇ ဘီစီ | ||||
နန်းတက်ချိန် | ၁၆၁ ဘီစီ | ||||
ရှေ့မင်းဆက် | Elara | ||||
နောက်မင်းဆက် | Saddha Tissa of Anuradhapura | ||||
မွေးဖွား | တိဿမဟာဂါမ၊ Hambanthota | ||||
ကွယ်လွန် | ၁၃၇ ဘီစီ | ||||
အိမ်ထောင်ဖက် | Queen Ranmanika | ||||
သားသမီးများ | Prince Saliya | ||||
| |||||
စံအိမ် | Vijaya | ||||
ခမည်းတော် | ကလျာဏီတိဿ | ||||
မယ်တော် | ဝိဟာရဒေဝီ | ||||
ကိုးကွယ်မှု | ထေရဝါဒဗုဒ္ဓ |
ဒုဋ္ဌဂါမဏိ သည် ဗုဒ္ဓသာသနာတော်တွင် ထင်ရှားသည့် သာသနာပြု မင်းဖြစ်သည်။ သာသနာတော်နှစ် ၃၆၃ ခုနှစ်တွင်[မှတ်စု ၁] သီဟိုဠ်ကျွန်း (ယခု - သီရိလင်္ကာ) တွင် ဘီစီ ၁၆၁ မှ ဘီစီ ၁၃၇ အထိ အုပ်ချုပ်မင်းလုပ်ခဲ့သည်။ မဟာစေတီတော်ကိုလည်း မင်းကြီးကပင် ဦးဆောင်ကာ တည်ထားကိုးကွယ်ခဲ့သည်။[၁]
မိဘနှစ်ဦး
[ပြင်ဆင်ရန်]ခမည်းတော် ကလျာဏီတိဿမင်းကြီး ဖြစ်သည်။ မယ်တော်မှာ ဝိဟာရဒေဝီ မိဖုရားကြီး ဖြစ်၏။ မင်းကြီးနှင့် မိဖုရားတို့သည် ရတနာသုံးပါးကို ကြည်ညိုသူများ ဖြစ်ကြသည်။[၂]
ဂါမဏိ
[ပြင်ဆင်ရန်]ကလျာဏီ မိဖုရားကြီးသည် နေ့စဉ် ရဟန်း၊ သာမဏေများ၏ အလုပ်အကျွေးများကို လုပ်ဆောင်ပေး၏။ ကောဋီပဗ္ဗတကျောင်းတော်ဝယ် သီတင်းသုံးနေသည့် သာမဏေငယ်လေးသည် နာမကျန်း ဖြစ်လျက်ရှိသည့်အတွက် မိဖုရားကြီးက ပြုစုလျက် ရှိသည်။ သာမဏေငယ်လေးသည် ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်လာပြီ ဖြစ်၏။ ထိုအချိန် မိဖုရားကြီးတို့တွင် အမွေဆက်ခံမည့်သူ မရှိဘဲ ဖြစ်နေသည်။ ထို့အခါ အဘိညဉ်ရ ရဟန်းတစ်ပါးက တိုက်တွန်းသဖြင့် မိဖုရားကြီးသည် သာမဏေလေး၏ အနားတွင်ထိုင်ကာ မိမိတို့၏ သားအဖြစ်ကို ဆုတောင်းရန် ပြောလေရာ မင်းအဖြစ်ကို အလိုမရှိကြောင်း ပြောဆို၏။ နောက်တစ်ကြိမ်တွင် ပြောဆိုရာတွင် သာမဏေသည် မိဖုရားကို ကြည့်ကာ သားအဖြစ်ကို ဆုတောင်းလေသည်။ ဤသို့ဖြင့် မိဖုရားသည် နှုတ်ငုံသန္ဓေကို ဆောင်ခဲ့ရပြီ ဖြစ်သည်။ နောင်ဖွားမြင်လာသောအခါ ဂါမဏိ မင်းသားဟု တွင်လေသည်။[၂]
သာသနာပြု ဒုဋ္ဌဂါမဏိမင်း
[ပြင်ဆင်ရန်]နောင်တွင် ဒုဋ္ဌဂါမဏိမင်း ဖြစ်လာမည့် ဂါမဏိ မင်းသားကို ��ိုယ်ဝန်လွယ်ထားစဉ် မိန်းမတို့ သဘာဝအတိုင်း ထူးခြားသော ချင်ခြင်းများ ဖြစ်ခဲ့သည်။ ထိုချင်ခြင်း သုံးမျိုးတို့မှာ -
- နွားလားလောက် ရှိသည့် ပျားအုံကို ဦးခေါင်းရင်းမှာထားကာ လက်ဝဲပါးနှင့် လျောင်းကာ သံဃာတော်တို့အား ပျားဆွမ်းလှူပြီး ကြွင်းကျန်သော ပျားဆွမ်းကို စားချင်ခြင်း။
- ဧဠာရကျေးမင်း စစ်သူကြီး၏ ဦးခေါင်းကို ဖြတ်သည့် သံလျက်ကို ဆေးထားသည့် ရေကို သောက်လိုခြင်း။
- အနုရာဓမြို့အနီး ကြီးမားသော ကန်ထဲမှ ကြာကို ဆင်မြန်းလိုခြင်း။
ဤချင်ခြင်းတို့သည် သာသနာတော်ကို ထွန်းလင်းတောက်ပစေမည့် ရှေ့ပြေးနိမိတ်တို့ပင် ဖြစ်လေသည်။[၂]
ဒုဋ္ဌဂါမဏိ အမည်တွင်ခြင်း
[ပြင်ဆင်ရန်]ဂါမဏိ၏ စီးတော်ဆင်၏ အမည်မှာ ကဏ္ဍုလ ဖြစ်သည်။ သာသနာ၏ ရန်စွာ ဧဠာရကျေးလူမျိုးတို့ကို တိုက်ခိုက်ရာတွင် သူရဲကောင်း ဆယ်ဦးတို့လည်း ပါဝင်ခဲ့သည်။ ဂါမဏိ မင်းသားသည် စစ်ရေးကုံလုံပြည့်စုံ ကြွယ်ဝလာ၏။ ကျေးလူမျိုးတို့ကို တိုက်ခိုက်ရန် မင်းကြီးအား ခွင့်ပန်ရာ မင်းကြီးက တားမြစ်၏။ ထို့ကြောင့် မင်းချင်းတစ်ယောက်အား မိန်းမအသုံးအဆောင်များကို သေတ္တာထဲထည့်ကာ မင်းကြီးအား ဆက်သစေသည်။ မင်းသားသည် ဤသို့ မိန်းမဟု မင်းကြီးအားစော်ကားလိုက်သည်မှစ၍ ဂါမဏိ မှ ဒုဋ္ဌဂါမဏိ ဟု တွင်လေသည်။[၂]
မဟာစေတီနှင့် မင်းကြီး
[ပြင်ဆင်ရန်]မဟာစေတီ မပြီးဆုံးမီ မင်းကြီးသည် မကျန်းမမာ ဖြစ်လာသည်။ ထို့ကြောင့် ညီတော် တိဿကို တာဝန်ယူစေကာ စေတီတော်ကြီးအား တည်ဆောက်၏။ မင်းကြီးကား စေတီတော်ကြီး ပြီးစီးသည် အထိ မနေရတော့ပေ။ ထို့ကြောင့် တိဿသည် အပ်ချုပ်သမားများကို ခေါ်စေကာ အဝတ်စတို့ပေါ်တွင် ပန်းချီဆွဲကာ ကျန်ရှိနေသည်များကို လုပ်ဆောင်စေသည်။[၂]
နောက်ဆုံးအချိန်
[ပြင်ဆင်ရန်]မင်းကြီး၏ ရောဂါမှာ နောက်ဆုံးအချိန်သို့ ရောက်လာခဲ့သည်။ မင်းကြီးလည်း ဝေါယာဉ်ပေါ်တွင် လဲလျောင်းကာ စေတီကို လက်ယာရစ် လှည့်ပတ်ကာ ဖူးမြော်သည်။ မင်းကြီးသည် သံဃာတော်တို့၏ တရားကို နာကြားနေစဉ်တွင် ကောင်းကင်တွင် နတ်ရထား ခြောက်စီးသည် မင်းကြီးကို လာခေါ်သည်။ မင်းကြီးသည် တရားနာနေ၍ နတ်တို့အား စောင့်ရန် ပြော၏။ ရဟန်းတို့လည်း နတ်တို့အား မမြင်ရ၍နတ်တို့ရှိသည်ကို အဘယ်သို့ ယုံကြည်ရပါမည်နည်း ဟု မေး၏။ မင်းကြီးက ပန်းကုံးတို့ကို အထက်သို့ပစ်တင်ပါဟု ပြော၏။ ပစ်တင်လေရာ ပန်းကုံးတို့သည် နတ်ရထားတို့တွင် ချိတ်နေလေသည်ကို မြင်တွေ့ကြရသည်။ တရားပြီးဆုံး၍ မင်းကြီးလည်း တုသိတာနတ်ပြည်တွင် ဥပပတ်နတ်သား ဖြစ်လေသည်။ နတ်သားလည်း ကိုယ်ထင်ပြကာ စေတီတော်ကို လက်ယာရစ် သုံးကြိမ်ပတ်ကာ ဖူးမြော်၏။ ထို့နောက် ရဟန်းတို့အား ရှိခိုး၏။ ထို့နောက်တွင် တုသိတာနတ်ပြည်သို့ တက်သွားလေသည်။[၂]
ဗျာဒိတ်တော်
[ပြင်ဆင်ရန်]စေတီတော်သို့ ရောက်လာကြသော ရဟန္တာတို့သည် မင်းကြီးနှင့် ပတ်သက်၍ ဗျာဒိတ်စကား ဆိုကြလေသည်။ ဒုဋ္ဌဂါမဏိမင်းကြီးသည် နောင်ပွင့်မည့် အရိမေတ္တယျမြတ်စွာဘုရား၏ လက်ယာရံအဂ္ဂသာဝက ဖြစ်လတ္တံ့။ ညီတော် သဒ္ဒါတိဿသည် လက်ဝဲရံအဂ္ဂသာဝက ဖြစ်လတ္တံ့။ ခမည်းတော် ကာကဝဏ္ဏတိဿမင်းကြီးသည် ဘုရားရှင်၏ ခမည်းတော် ဖြစ်လတ္တံ့။ မယ်တော် ဝိဟာရဒေဝီသည် ဘုရားရှင်၏ မယ်တော် ဖြစ်လတ္တံ့။ ဒုဋ္ဌဂါမဏိမင်းကြီး၏ သားတော် ကုမာရမင်းသားသည် ဘုရားလောင်း၏ သားတော် ဖြစ်လတ္တံ့။[၂]
မှတ်စု
[ပြင်ဆင်ရန်]- ↑ ချစ်ဦးညို ရေးသားသည့် ဒုဋ္ဌဂါမဏိ စာအုပ်တွင် သာသနာတော်နှစ် ၃၆၄ ဟု ပါရှိသည်။